ဖုန်းပျောက်သွားလျင် ၊ အခိုးခံရ အလုခံရလျင်ဘာတွေလုပ်နိုင်သလဲ။
(၁) ပထမဆုံးအနေနဲ့ကတော့ ကိုယ် ဖုန်းတလုံးကိုသုံးတော့မယ်ဆိုတာနဲ့ screen lock မဖြစ်မနေ လုပ်ပါ၊
ဖုန်းကကိုယ်နဲ့အတူရှိမနေတဲ့အခါ သူတပါးက ကိုယ့်ဖုန်းကို တလွဲသုံးလို့မရ၊ ကိုယ့် အကောင့်တွေ အချက်အလက်တွေကိုဝင်ကြည့်လို့မရအောင်ပါ။
(၂) android phone တွေမှာ Google account ဝင်ပါ။ password ကို သေချာရေးမှတ်ပြီး လုံခြုံစိတ်ချရတဲ့နေရာမှာသိမ်းပါ။
(၃) ကိုယ်ရေးကိုယ်တာ(သို့) လုပ်ငန်းသုံးအကောင့်တိုင်းကို နှစ်ဆင့်ခံ လုံခြုံရေးထည့်ထားပါ၊
ဖုန်းပျောက်သွားလျင် ၊ အခိုးခံရ အလုခံရလျင်
Android ဖုန်းတွေမှာ ဘာအမျိုးအစားဖြစ်ဖြစ် ဝင်ထားတဲ့ Google account (G mail account ) ကနေ ကိုယ့်ဖုန်းပြန်ရဖို့ (သို့) အချက်အလက်တွေ အခိုးမခံရ အသုံးချ မခံရစေဖို့ အောက်ပါလုပ်ဆောင်ချက်တွေလုပ်လို့ရပါတယ်။
(၁) ဖုန်းတည်နေရာကိုကြည့်လို့ရပါတယ်။
(၂) ဖုန်းကိုအသံမြည်အောင် လုပ်ပြီး ရှာလို့ရပါတယ်။
(၃) ကိုယ့်ကိုဆက်သွယ်နိင်တဲ့ ဖုန်းနံပတ်တခုကို နံပတ်ထည့်ပြီး ပြန်ခေါ်ပေးဖို့ ဖုန်းစကရင်မှာ မက်ဆေ့တင်ထားလို့ရပါတယ်။
(၄) ဖုန်းမှာရှိတဲ့ အချက်အလက်တွေကိုအကုန်ဖျက်ပစ်လို့ရပါတယ်။
တကယ်လို့ဖုန်းက Online တက်မလာလျင်တော့ လုပ်ဆောင်ချက်တွေက အလုပ်လုပ်မှာမဟုတ်ပေမယ့် Online တက်လာတာနဲ့လုပ်ပေးမှာပါ။
အထက်ပါလုပ်ဆောင်ချက်အားလုံးအတွက် ကနဦးလုပ်ဆောင်ချက်တွေကတော့ အတူတူပါပဲ၊
ဖုန်းပျောက်သွားတဲ့ အခါ၊ အလုခံ အခိုးခံရတဲ့အခါ ကိုယ်ဘာလုပ်မယ်ဆိုတာ အရင်စဉ်းစားပါ၊
(က) အထားမှားလျင်၊ တနေရာရာမှာကျန်ခဲ့လျင်၊ ပြန်တွေ့နိုင်မယ်ထင်လျင် Find my device ကနေ တည်နေရာကိုရှာ (သို့) ဖုန်းကိုအသံမြည်စေလို့ရပါတယ်၊
အဆောက်အဦကြီးတွေထဲရောက်နေတဲ့ဖုန်းရဲ့ တည်နေရာကတော့ တမိုင်လောက်အထိလွဲနိုင်ပါတယ်။
(ခ) ပြန်မတွေ့နိုင်တဲ့ဖုန်း ( အလုခံ၊ အခိုးခံ) အတွက် screen lock ခံထားလျင် သူတို့က Lock ဖြည်ဖို့ ဆိုင်သွားပြရပါမယ်။၊ ကိုယ်တိုင် လုပ်တတ်သူဆိုလျင်တော့ တမျိးပေါ့။ အများစုကမလုပ်တတ်ကြပါ၊။
အဲဒီအတွက် ဆိုင်ကိုသွားပြတာနဲ့ ဆိုင်က သိနိုင်အောင် မက်ဆေ့တခုကိုရေးထားလို့ရပါတယ် ဖုန်းက online တက်လာတာနဲ့ မက်ဆေ့က screen ပေါ်မှာပေါ်နေပြီး ကိုယ်ထည့်ထားတဲ့ ဖုန်းနံပတ်ကို ခေါ်ဖို့ ဖုန်းပုံကလေးကိုပါပြနေမှာပါ၊
ဖုန်းနံပတ်ထည့်တဲ့အခါ နိုင်ငံကုဒ် ( မြန်မာဆို 95 ) ထည့်ဖို့လိုပြီး အင်္ဂလိပ်နံပတ် ကို ထည့်ရပါမယ်။
ဆိုင်းတိုင်းကတော့ ကူညီမယ်လို့မျှော်လင့်လို့မရပါ။
ဖုန်းက တနေရာရာမှာကျန်ခဲ့ပြီးရှာမတွေ့လျင် အသံမြည်စေပြီး ဖုန်းကိုတွေ့တဲ့သူဖတ်လို့ရအောင် မက်ဆေ့ပို့ထားခြင်းဖြင့် ကောက်ရသူက ကိုယ့်ကိုဆက်သွယ်ကာ ပြန်ပေးနိုင်ပါတယ်။
(ဂ) ဖုန်းပြန်ရဖို့မျှော်လင့်ချက် မရှိတော့လျင် သို့မဟုတ် ဖုန်းထဲမှာ အရေးကြီးအချက်အလက်တွေရှိတယ် ဆိုလျက်တော့ ဒေတာတွေကို တခါတည်းဖျက်ခိုင်းလိုက်လို့ရပါတယ်။
(ဃ) ပြီးလျင်တော့ အထဲက SIM card ထုတ်တဲ့ အော်ပရေတာကို ဖုန်းဆက်ပြီး
ကိုယ့်နံပတ်ကို ပိတ်ခိုင်းပါ။ နောင်မှ အစားထိုး SIM ကဒ်ပြန်လျှောက်ပါ၊။
SIM card ကိုမှတ်ပုံတင်ထားသူက လုပ်ရမှာပါ။
ဘယ်လိုလုပ်ကြမလဲ
(၁) တခြားဖုန်းတလုံး (သို့) ကွန်ပြူတာကနေ ပျောက်သွားတဲ့ဖုန်းထဲမှာရှိတဲ့ Google account ကိုဝင်ပါ။
https://accounts.google.com/signin
အကောင့်မှာ ၂ ဆင့်ခံလုံခြုံရေးလုပ်ထားလျင် ဒီနေရာမှာ အခက်အခဲနည်းနည်းရှိပါတယ်။
အကောင့်ကိုဝင်တာနဲ့ အရင်ဝင်ထားတဲ့ဖုန်းထဲကနေ အတည်ပြုပေး၊ သို့မဟုတ် ပေးထားတဲ့ ဖုန်းနံပတ်ကို ကုဒ်ပို့၊ authenticator app ကနေ ကုဒ်ထုတ်ပြီးထည့်၊ တခုခုလုပ်ရမှာဖြစ်တော့
အဲဒီလို အတည်ပြုပေးရမည့်ဖုန်း၊ ကုဒ်ထုတ်ပေးမည့်၊ ကုဒ်မက်ဆေ့ကိုလက်ခံမည့်ဖုန်းက ပျောက်နေတာဖြစ်လျင် ဝင်မရဖြစ်နိုင်လို့ပါ၊
ဒါကြောင့် ကိုယ့် အကောင့်ကို ဖုန်းတလုံးမကမှာ ဝင်ထားတာမရှိလျင် ဖုန်းထဲမှာ နှစ်ဆင့်ခံလုံခြုံရေးမပါတဲ့ အကောင့်တခုကိုထပ်ထည့်ထားနိုင်ပါတယ်။
အကယ်၍ပျောက်တဲ့ဖုန်းရဲ့အကောင့်ဝင်ပြီးရှာမည့်ဖုန်းမှာ မူလကတခြား Google account တခုနဲ့ဝင်ထားလျင် လည်း အဲဒီအကောင့်ရဲ့ ပုံကိုနှိပ်ပြီး Add Another account ကနေ ကိုယ်ပျောက်သွားတဲ့ဖုန်းထဲက အကောင့်ကိုဝင်ပါ။
ကိုယ့်အကောင့်ပုံအောက်မှာ Manage Your Google Account ထဲကနေ Security ကိုသွားပါ။
https://myaccount.google.com/security?hl=en
အဲဒီအောက်မှာ Your devices ကိုရှာပါ။
အဲဒီမှာ ကိုယ့်အကောင့်ဝင်ထားတဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ အားလုံးကိုပြပါတယ်။
အဲဒီထဲက ကိုယ်ပျောက်သွားတဲ့ဖုန်းကိုရွေးပါ။
အဲဒီဖုန်းကိုရွေးပေးလိုက်လျင် Sign out လုပ်မလား Find device လုပ်မလား ရွေးရပါတယ်။
Find My Device ကိုရွေးပါ။
Terms and Conditions ကိုလက်ခံလားမေးလျင် Accept လုပ်ပေးပါ။
ကွန်ပြူတာထဲကလုပ်လျင်တော့တခါတလေ နည်းနည်းပေရှည်ပါတယ်။
Find My Device ကိုဖွင့်လို့
Check recent security activity for suspicious changes
Try calling your phone
Sign out on your phone
Reach out to your carrier
စတာတွေမေးလာလျင် အားလုံးကို No Thanks ကိုရွေးပါ။
ပြီးလျင် Next Step ကိုရွေးပါ။
Continue to your Google account ဆိုမှ ဖုန်းနောက်ဆုံးလိုင်းပေါ်တက်တဲ့ တည်နေရာကို Google Map မှာပြပါတယ်။
အဲဒီမှာ လုပ်ဆောင်နိုင်တာ သုံးမျိုးကိုပြပါတယ်၊
(၁) Play sound
ဖုန်းကို silent လုပ်ထားလျင် တောင် Online တက်လာတာနဲ့ ၅ မိနစ်ကြာအောင် ဖုန်းခေါ်သံမြည်ပါတယ်၊အသံကိုဖုန်းကိုင်သူက ပိတ်လိုက်လျင် လည်းပိတ်လိုက်တယ်လို့ပြပါတယ်။
(၂) Secure device
ကိုရွေးလျင်တော့ Add message or phone number ဆိုပြီး ပျောက်နေတဲ့ ဖုန်း Locked screen မှာပြေစေချင်တဲ့မက်ဆေ့ နဲ့ ကိုယ့်ကိုပြန်ဆက်သွယ်ဖို့ ဖုန်းနံပတ်ကိုထည့်လို့ရပါတယ်၊။
ဖုန်း နံပတ်ထည့်လျင် နိုင်ငံကုဒ်ပါထည့်ရပြီး အင်္ဂလိပ်ဂဏန်းဖြစ်ရပါမယ်
ဥပမာ ဖုန်းနံပတ်က 0997123456 ဆိုလျင် 95997123456 လို့ဖြည့်ပါ။
အဲဒီနံပတ်ကို ဟိုဘက်ဖုန်းမှ မြင်ရမှာမဟုတ်ဘဲ ဖုန်းခေါ်ဖို့ ပုံကလေးသာပြပြီး အဲဒီဖုန်းပုံကိုနှိပ်လျင် ကိုယ်ထည့်ပေးတဲ့ နံပတ်ကို ခေါ်ပေးမှာပါ။ အဲဒီဖုန်းကဒ်ထဲမှာ ဖုန်းခေါ်ခ လုံလောက်စွာကျန်ဖို့တော့လိုပါတယ်။
(၃) Erase Device
ကိုရွေးလျင်ကတော့ တဘက်ဖုန်းထဲက အချက်အလက်တွေအားလုံးကိုဖျက်ပြီး ဖုန်းအသစ်တလုံးလိုဖြစ်အောင် ရှင်းပေးမှာပါ။
(၄) ပြီးလျင်တော့ အထဲက SIM card ထုတ်တဲ့ အော်ပရေတာကို ဖုန်းဆက်ပြီး ကိုယ့်နံပတ်ကို ပိတ်ခိုင်းပါ။ နောင်မှ အစားထိုး SIM ကဒ်ပြန်လျှောက်ပါ၊။ SIM card ကိုမှတ်ပုံတင်ထားသူက လုပ်ရမှာပါ။
ဖုန်းနဲ့ အတူအဖမ်းခံရလို့ဖုန်းကို စကစတွေက ဖုန်းစကရင်ကို unlock လုပ်ခိုင်းလျင် ဖုန်းထဲကဒေတာတွေကိုသူတို့မရအောင် ဘယ်လိုဖျက်မလဲ၊
ကြိုတင်ပြင်ဆင်ထားပါ။
တော်လှန်ရေးလုပ်နေသူတွေ ဖုန်းထဲမှာ ကိုယ်လုပ်နေတာနဲ့ပတ်သက်တဲ့အချက်အလက်တွေရှိမယ်။ ဖမ်းခံရလို့အချက်အလက်တွေပေါက်ကြားလျင် တခြားသူတွေကိုထိခိုက်နိုင်မယ်ဆိုလျင်
(၁) လုံခြုံရေးအတွက် Google account တခုသီးသန့်လုပ်ပြီး ကိုယ့်ဖုန်းထဲမှာ အဲဒီအကောင့်ကို ဖုန်းထဲမှာဝင်ထားပါ၊
အကောင့်ကိုတော့ တခြားအတွက်မသုံးပါနဲ့
(၂) ကိုယ့်အကောင့်ပါစ်ဝါ့ဒ် ကို စိတ်ချရသူ၊ အဆက်အသွယ်မပျက်သူတဦးတဦးကို ပေးထားပါ၊
(၃) သူ့ကိုလည်း ကိုယ်အဖမ်းခံရတယ်ကြားလျင်ကိုယ့်ဖုန်းထဲကဒေတာတွေကို အဝေးကနေလှမ်းဖျက်ဖို့မှာထားပါ။
လုပ်ဆောင်ပုံကတော့ အပေါ်မှာရေးထားတဲ့ထဲက (၃) Erase Device အတိုင်းလုပ်ရုံပါပဲ၊
ဖိုးသုည
၃၀-၀၇-၂၀၂၂










No comments:
Post a Comment