'Juice Jacking' သို့မဟုတ်ဖုန်းအားသွင်းစဉ် ဟက်ခံရခြင်း။
FBI Denver သတိပေးချက်
Free charging station ဆိုတဲ့ အများပြည်သူသုံးဖို့ လုပ်ပေးထားတဲ့ ဖုန်းအားသွင်းတဲ့ နေရာတွေမှာရှိတဲ့ USB အပေါက်တွေမှာ ဖုန်းအားသွင်းတာတွေကို တတ်နိုင်သမျှရှောင်ရှားသင့်ကြောင်း FBI Denver အဖွဲ့ခွဲရဲ့ တွီတာအကောင့်မှာ ၂၀၂၃ ဧပြီလ ၆ ရက်နေ့ကတင်ထားပါတယ်။
FCC ရဲ့သတိပေးချက်
US အစိုးရရဲ့ FCC (Frderal Communications Commissions) ကလည်း အလားတူသတိပေးမှုမျိုးကို သူတို့ရဲ့ဘလော့မှာတင်ထားပါတယ်။
လေဆိပ်၊ ဘတ်စ်ကားဂိတ်၊ ရှောပင်းစင်တာတွေ၊ စားသောက်ဆိုင်တွေမှာ ခရီးသည်တွေ၊ ဈေးဝယ်လာသူတွေ အလွယ်တကူ ဖုန်းအားသွင်းနိုင်အောင် အဲဒီလို Charging station ကလေးတွေ ထားရှိပေးတတ်ကြပါတယ်။
Charging station ကလေးတွေ
အဲဒီလို အများပြည်သူတွေ လွယ်တကူဖုန်းအားသွင်းနိုင်ဖို့လုပ်ထားပေးပုံသုံးမျိုးရှိပါတယ်။
(၁) တခုကတော့ USB ပါဝါ ပေးတဲ့ အပေါက်ကလေးတွေ ထားပေးတာပါ။ အဲဒီ USB အပေါက်နဲ့ ကိုယ့်ရဲ့ ဖုန်းကို ကိုယ့်အားသွင်းကြိုးနဲ့ ထိုးဆက်ပြီး အားသွင်းလို့ရပါတယ်။
ကိုယ့် ချာဂျာ အတုံးကလေးပါမလာသူတွေ အတွက် အဆင်ပြေပါတယ်။
(၂) ဒုတိယပုံစံက AC power outlets ဆိုတဲ့ ပါဝါဆော့ကက်ပဲပေးထားတာပါ။ ကိုယ့်အားသွင်းချာဂျာ အတုံးကလေးပါ တပ်သုံးရပါတယ်။
အများစုက ချာဂျာပလပ် မျိုးစုံနဲ့ အဆင်ပြေအောင် Universal power socket နဲ့ သုံးတဲ့ မီးအား AC power 110-120v, 220-240v, 110-240v စသည်ဖြင့်ပုံစံမျိုးစုံနဲ့ ပေးထားတတ်ပါတယ်။
( ဒီနေရာမှာ ကိုယ့်ဖုန်းကအဝင်မီးအားဘယ်လောက်သုံးတယ်ဆိုတာသိဖို့လိုပြီး မီးအားမတူတဲ့ အပေါက်မှာ မှားမထိုးမိဖို့သတိထားရပါတယ်။ ကိုယ်နေတဲ့ တိုင်းပြည်တွင်းမှာပြသနာမရှိပေမယ့် ပြည်ပခရီးသွားလျင်တော့ သတိထားရပါတယ်။ ဖုန်းချာဂျာအများစုကတော့ အဝင်အား ၁၀၀-၂၄၀ ဗို့ ရတတ်ကြလို့ ပြသနာသိပ်မရှိလှပါ။)
(၃) နောက်ပိုင်းခေတ်မှာ ဝါယာလက် အားသွင်းစနစ်ပါဖုန်းမော်ဒယ်တွေအတွက် Qi (ချီ) wireless charger ကလေးတွေပါပေးထားတတ်ပါတယ်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာတောင် စားပွဲတွေမှာ တပ်ထားပေးတတ်ပါတယ်။
![]() |
| လေဆိပ်ရှိ ဖုန်းအားသွင်း စနစ် သုံးမျိုးလုံးပါ charging station တခု |
![]() |
| ဖုန်းအားသွင်း Charging station တခု |
![]() |
| လေဆိပ်ရှိ charging station နမူနာ |
![]() |
| လေဆိပ်ရှိ charging station တခု |
![]() |
| ကော်ဖီဆိုင် စားပွဲပေါ်က ဝါယာလက်စ် အားသွင်းချာဂျာ |
USB Charging station ကနေရနိုင်တဲ့ အန္တရာယ်
အဲဒီလို ပေးထားတဲ့ အများသုံးဖုန်းအားသွင်းဖို့ နေရာတွေထဲမှာ လုံခြုံမှုမရှိဆုံးက USB power outlet USB အားသွင်းကြိုးတန်းထိုးပြီးအားသွင်းနိုင်တဲ့ အပေါက်ကလေးတွေပါ။
အကြံသမားတွေဟာ အဲဒီအားသွင်း USB အပေါက်ကို သူတို့ရဲ့ ကွန်ပြူတာလိုစက်တွေနဲ့ဆက်ထားပြီး စပိုင်လုပ်လို့ရတဲ့ ဆော့ဝဲတွေ၊ ဖုန်းကိုဒုက္ခပေးမည့် ဆော့ဖ်ဝဲတွေကို အဲဒီကတဆင့် လာချိတ်တဲ့ ဖုန်းကိုထည့်သွင်းနိုင်ပါတယ်။ ဖုန်းရဲ့ အားသွင်းကြိုးအပေါက်အတွက်ထားတဲ့ လုံခြုံရေးစနစ်ကို ဖျက်နိုင်ပါတယ်။ သူတို့က အဲဒီအပေါက်မှာအားလာသွင်းတဲ့ဖုန်းကို လော့ချတာ၊ ဖုန်းထဲကပါ့စ်ဝါဒ်ခိုးယူတာမျိုးတွေလုပ်ပြီး ဖုန်းပိုင်ရှင်ရဲ့အကောင့်တွေကို ဟက်တာ ၊ ပိုက်ဆံတောင်းတာ၊ အဲဒီလိုလုပ်မည့် ဂိုဏ်းတွေကို အချက်အလက်တွေရောင်းစားတာမျိုးတွေလုပ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
တချို့က သူတို့ရဲ့ အကြံအဖန်လုပ်ထားတဲ့ ကြိုးကိုပါ မတော်တဆကျန်ခဲ့သလိုမျိုတန်းလန်းထားပေးခဲ့တာမျိုးလုပ်တတ်သလို တချို့က ကြိုးထဲက မလိုလားအပ်တဲ့ ဆော့ဝဲတွေပါတဲ့ အားသွင်းကြိုးကို ကြော်ငြာ ပရိုမိုးရှင်း အနေနဲ့အလကားပေးတာမျိုး ရှိတယ်ဆိုပါတယ်။
အဲဒီလိုဖုန်းအားသွင်းတဲ့ USB ကြိုးတွေမှာ အားပဲသွင်းတဲ့ Charging only ကြိုးတွေရှိသလို Data transfer လုပ်လို့ရတဲ့ကြိုးတွေလည်းရှိပါတယ်။ ဖုန်းဝယ်လျင် တခါတည်းပေးလိုက်တဲ့ကြိုးတွေဟာ ဒေတာအချက်လက်တွေကို ကူးယူလို့ရတဲ့ Data transfer ကြိုးတွေပါ။ ကြိုးတွေရဲ့ ခေါင်းထဲမှာ ဆားကစ်တွေ ချစ်ပ်တွေပါပါတယ်။
![]() |
| အားသွင်းကြိုးအထဲက ဆားကစ်နဲ့ ချစ်ပ် နမူနာ |
ဒီတော့ မိမိဖုန်း အားသွင်းရာက အဲဒီလို ဟက်ခံရတာမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
(၁) အများသုံး ဖုန်းအားသွင်း Station တွေမှာအားသွင်းလျင် USB အပေါက်တွေကိုမသုံးပါနဲ့။
(၂) အပြင်ထွက်လျင် ၊ ခရီးသွားလျင် အားသွင်းဖို့ ကိုယ့်ချာဂျာအတုံးနဲ့ကြိုးကို အတူယူဆောင်သွားပါ။
(၃) ဖုန်းအားသွင်းဖို့လိုလာလျင် AC power outlet ကို ပဲသုံးပြီး ကိုယ့် ချာဂျာအတုံးနဲ့ တပ်သုံးပါ။ သူတို့ပေးတဲ့ USB အပေါက်ကိုရှောင်ပါ။
(၄) ခရီးသွားလျင် မဖြစ်မနေ သူတပါးရဲ့ USB အပေါက်ကိုသုံးပြီးအားသွင်းရလျင် မိမိဒေတာတွေလုံခြုံရေးအတွက် charging-only cable ကိုပဲသုံးပါ။ အားသွင်းကြိးကို ဝယ်လျင် လည်းယုံကြည်စိတ်ချရတဲ့ ဆိုင်မှ စိတ်ချရတဲ့ တံဆိပ်ကိုရွေးပါ။
(၅) ဖုန်းအားသွင်းကြိုးတပ်လို့ ဖုန်းမှာ နိုတီတက်လာပြီး "share data" or “charge only,” လို့မေးလာလျင် “charge only.” ကိုပဲရွေးပါ။
တကယ်တော့ ရိုးရိုးအားသွင်းတဲ့အပေါက်ကိုထိုးလျင် အဲဒီလိုမမေးပါ။ ရွေးဖို့ မေးလာပြီဆို အဲဒီအပေါက်က ဒေတာကိုပါယူနိုင်စွမ်းရှိတယ်လို့ဆိုလိုတာဖြစ်လို့ အဲဒီအပေါက်ကို လုံးဝဆက်မသုံးတာအကောင်းဆုံးပါ။
(၆) ခရီးသွားလျင် ပါဝါဘဏ့် ဆောင်သွားပါ။
Fuel rod ဆိုတဲ့ ပါဝါဘဏ် ဘက်ထရီကလေးတွေကို တော့ နေရာအတော်များများမှာ ဈေးရောင်းစက် Vending machine (Kios) ကနေဝယ်လို့ရသလို အားကုန်သွားတဲ့ ဘက်ထရီကို အားပြည့်ပြီးသားတလုံးနဲ့ လဲလှယ်သုံးလို့ရလို့ အားသွင်းဖို့အချိန်စောင့်စရာမလိုပဲအဆင်ပြေစေတယ်ဆိုပါတယ်။
ဖိုးသုည
16-04-2023









No comments:
Post a Comment